အိန္ဒိယနိုင်ငံက ဗုဒ္ဓသာသနာ



အသက်ကြီးမှ ဗုဒ္ဓရဲ့အဆီအနှစ်ဓမ္မများကို တွေ့ခဲ့သူ
✔✔✔✔✔✔✔✔✔✔✔
(ဟိုတလောက အိန်္ဒိယနိုင်ငံ နာဂပူမြို့တွင် ဟိန္ဒူလူမျိုး သိန်းချီပြီး ဗုဒ္ဓဘာသာခံယူပွဲကျင့်ပခဲ့တဲ့ ဓာတ်ပုံအချို့
ဖေ့ဘုတ်ပေါ်တွေ့မြင်ခဲ့လို့ ဒီပို့စ်အကျဉ်းလေးကို ရေးဖြစ်ခဲ့တာပါ။)
💯💯💯💯💯💯💯💯💯💯💯💯💯💯💯💯
သူ့နာမည်အပြည့်အစုံက Dr Babasaheb Ambedkar.. ဖြစ်ပါတယ်
သူ့ရဲ့ဂုဏ်ထူးတွေက တရားသူကြီး၊ နိုင်ငံရေးခေါင်းဆောင်၊ ဒဿနပညာရှင်၊ တက္ကိက၀ါဒီ၊ စာရေးဆရာ၊ စီးပွားရေးပညာရှင်၊ တော်လှန်ရေးသမား စသည့် ဂုဏ်ထူးဝိသေသမျိုးစုံဖြင့် ကျော်ကြားသူဖြစ်ပါတယ်။
သူဟာ အိန္ဒိယနိုင်ငံ ဥပဒေရေးဆွဲရေးအဖွဲ့တွင် အဓိကအခန်းကဏ္ဍကနေ ပါဝင်တဲ့ ပညာရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။

သူဟာ ၁၉၁၈-ခုနှစ်မှာ ဘောဂဗေဒ ဆစ်ဒန်ဟန်ကောလိပ် (Sydenham college)က နိုင်ငံရေးဘောဂဗေဒဌာနမှာ ပါမောက္ခရာထူးတာဝန်ကို ထမ်းဆောင်ခဲ့ပါတယ်။
ဒေါက်တာ အမ်ဘေဒကာ ဟာအသက်ကြီးမှ ဗုဒ္ဓရဲ့အဆီအနှစ်ဓမ္မတွေကို တွေ့ခဲ့ရသူတစ်ယောက်လည်းဖြစ်ပါတယ်။
စောစောသာ ဗုဒ္ဓရဲ့ဓမ္မတွေကို လေ့လာခွင့်ရခဲ့ရင် ဒီအိန္ဒိယတစ်နိုင်ငံလုံးကို ဗုဒ္ဓရဲ့အယူဝါဒတွေကို ကျနော်
ပြန်လည်အသက်သွင်းခဲ့မှာပါ ဒါပေမယ့်ကျနော်အခု ရနိုင်သလောက် ဗုဒ္ဓရဲ့ဓမ္မများကို သင်ပေးခဲ့မှာပါ ဆိုပြီး နောင်ပါ
တပည့် ငါးသိန်းနှင့်အတူ ဗုဒ္ဓဘာသာသို့ကူးပြောင်းလာခဲ့သူဖြစ်ပါတယ်။

သူဟာ ပညာရပ်မျိုးစုံကိုလေ့လာခဲ့သူဖြစ်ပါတယ် ၊ ဘာသာပေါင်းစုံကို လေ့လာခဲ့ပေမယ့် သိပ်သဘောမတွေ့ခဲ့ပါ ၊ နောက်ဆုံး ဗုဒ္ဓဘာသာ ပိဋကတ်သုံးပုံကို လေ့လာဖတ်ရှုရင်း သူဟာ မြတ်ဗုဒ္ဓရဲ့ ပိဋကတ်တွေမှာ နက်နက်နဲနဲ စိတ်ဝင်စားသွားခဲ့တယ်။
ဒေါက်တာအမ်ဘေဒကာဟာ ၁၉၃၅-ခုနှစ်၊ အောက်တိုဘာလ၊ ၁၃-ရက်နေ့မှာ သူပြောခဲ့တာက “ကျွန်တော် ဟိန္ဒူတစ်ယောက်အနေနဲ့ မွေးဖွားလာပြီး ဟိန္ဒူဘာသာဝင်တစ်ယောက်အနေဖြင့် ရပ်တည်ခဲ့တယ်။ ဒါပေမယ့် ကျွန်တော် ဟိန္ဒူဘာသာဝင် တစ်ယောက်လို သေမှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော့်ရင်ထဲက စွမ်းအားတစ်ခုကြောင့်ပါ”လို့ ပြောကြားရင်း ဟိန္ဒူဘာသာကို စွန့်လွှတ်လိုက်ပြီဖြစ်ကြောင်း လူသိရှင်ကြား ကြေငြာခဲ့ပါတယ်။
ဆစ်ခ်ဘာသာ၊ အစ္စလာဟ်ဘာသာနဲ့ ခရစ်ယာန်ဘာသာတွေက ချက်ချင်းပဲ သူတို့ဘာသာထဲကို
ဝင်ဖို့ ဒေါက်တာအမ်ဘေဒကာနဲ့ သူ့နောက်လိုက်များစွာကို ငွေကြေးမြောက်မြားစွာနဲ့ ဘ၀အာမခံချက်တွေကို
ပေးရင်း ဆွဲဆောင်စည်းရုံးခဲ့ကြပေမယ့် ၊ ဒေါက်တာအမ်ဘေဒကာနဲ့ သူ့တပည့်တွေဟာ ကမ်းလှမ်းချက်အားလုံးကို လုံးဝငြင်းဆန် ပယ်ချခဲ့ကြပါတယ်။ ဒါဟာ သူတို့ရင်ထဲမှာ ယုံကြည်စွဲမြဲနေတဲ့ ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါးကြောင့်ပဲ ဖြစ်ပါတယ်။

ဒေါက်တာအမ်ဘေဒကာဟာ ဗုဒ္ဓဘာသာအပေါ် ဘာကြောင့်အသည်းအသန် အသက်နဲ့ထပ်တူ တန်ဖိုးထား
ယုံကြည်ခဲ့သလဲဆိုရင်။

“မြတ်ဗုဒ္ဓမှာ အခြားပုဂ္ဂိုလ်တွေထက် သာလွန်တဲ့ ထူးခြားချက်တစ်ခု ရှိပါတယ်။
အဲဒါက ကိုယ့်ကိုယ်ကိုယ် နှိမ့်ချရန်ဖြစ်ပါတယ်။
မြတ်ဗုဒ္ဓဟာ လူသားကနေ မွေးဖွားလာတယ်၊
လူတစ်ယောက်လို အသက်ရှင်နေထိုင်တယ်၊
သူ့တရားတော်တွေကိုလည်း မြင့်မြတ်တဲ့လူသားတစ်ယောက်အနေနဲ့ပဲ ဟောကြားခဲ့ပါတယ်။
ယေရှု၊ မိုဟာမက်နဲ့ ကရစ်ရှနားတို့ဟာ သူတို့ကိုယ်သူတို့ ကယ်တင်ရှင်များအနေနဲ့ ကြွေးကြော်ခဲ့ကြတယ်။
မြတ်ဗုဒ္ဓကတော့ သူ့ကိုယ်သူ အသိဉာဏ်ပညာ လမ်းစဉ်များကို မျှဝေသူတစ်ဦးအနေနဲ့ပဲ ပြောကြားခဲ့တယ်”

၁၉၅၀-ခုနှစ်မှာ ဒေါက်တာအမ်ဘေဒကာဟာ အိန္ဒိယမှာ ဗုဒ္ဓဘာသာကို ပြန်လည်တည်ထောင်ပြုစုဖို့ ဆုံးဖြတ်ထားကြောင်း လူသိရှင်ကြား ပြောကြားခဲ့ပါတယ်။ သူဟာ သူ့ပို့ချချက်တွေ၊ ပြုစုရေးသားထားတွေနဲ့ သူ့တပည့်နောက်လိုက်တွေကို ဗုဒ္ဓကျမ်းစာများ ဂရုတစိုက် လေ့လာကြဖို့ တိုက်တွန်းခဲ့ပါတယ်။ ဗုဒ္ဓမြတ်စွာရဲ့ ညွှန်ကြားချက်၊ နည်းလမ်းအားဖြင့်သာလျှင် လူမှုရေးသာတူညီမျှမှုကို ရနိုင်မှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
၁၉၅၆-ခုနှစ်၊ မေလ၊ ၁၂-ရက်နေ့၊ လန်ဒန်မြို့၊ ဘီဘီစီအသံလွှင့်ဌာနမှာ “ဗုဒ္ဓဘာသာကို ကျွန်ုပ် ဘာကြောင့် ကြိုက်သလဲ”ဆိုတဲ့ ခေါင်းစဉ်ဖြင့် ဟောပြောခဲ့သည့် စကားအချို့ကို ကောက်နှုတ်ဖော်ပြရလျှင်-
“ဗုဒ္ဓဘာသာကို ကျွန်ုပ် ဘာသာအားလုံးထက် ပိုနှစ်သက်တယ်။
ဘာကြောင့်လဲဆိုတော့ အခြားဘယ်ဘာသာကမှ မပေးနိုင်တဲ့ မူသုံးရပ်ကို ပေးနိုင်လို့ပါပဲ။
အခြားဘာသာတွေအားလုံးဟာ မပျက်မစီး ထာဝရတည်မြဲတဲ့ နိစ္စသဘောကို ဟောခဲ့ကြတယ်၊
အနန္တ၀ိဉာဏ်နဲ့ သေပြီးနောက်ဘ၀အခြေအနေသုံးရပ်နဲ့ သူတို့ကိုယ်သူတို့ အနှောက်အယှက်ပေးနေကြပါတယ်။ ဗုဒ္ဓဘာသာက ပညာကို သင်ပေးခဲ့တယ်။ အနိစ္စ မမြဲခြင်းသဘောကို သင်ပေးခဲ့တယ်။
သနားကရုဏာတရားကို သင်ပေးတယ်။ လူသားအားလုံးဟာ တန်းတူညီညီမျှမျှသာဖြစ်ကြောင်း ဟောပြောခဲ့တယ်။ ကမ္ဘာမြေပြင်မှာ ဒီသုံးရပ် (ပညာ၊ ကရုဏာနဲ့ တန်းတူညီမျှဖြစ်မှု)သာ ဖြစ်ထွန်းလို့ကတော့ ကောင်းမွန်တဲ့၊ ပျော်ရွှင်တဲ့ဘ၀ကို ရရှိနိုင်ပါတယ်။ လူသားတွေ လိုအပ်နေတာလည်း ဒါပဲ မဟုတ်လား။ ဗုဒ္ဓဘာသာက ကမ်းလှမ်းလာတဲ့ ဒီသုံးရပ်က ကျွန်ုပ်ကို ကြည်နူးစေတယ်။ ကမ္ဘာကြီးကိုလည်း ဖျောင်းဖျပြောဆိုနေပါတယ်။ ဘယ်ထာဝရဘုရား၊ ဘယ်အနန္တ
ဝိဉာဏ်တော်ကမှ ဥုံဖွဆိုပြီး ကမ္ဘာကြီးကို လာမကယ်တင်ဘူး”

“ဘာသာတရားလား၊ ဘာသာတရားဆိုတာ လူသားအတွက်ပဲ အသက်ရှင်တည်ရှိနေတာ ဖြစ်ရပါမယ်။
လူသားဟာ ဘာသာတရားအတွက် တည်ရှိနေတာမျိုး မဖြစ်ရဘူး။ လူမျိုးရေး ခွဲခြားဆက်ဆံမှု၊ အသားအရောင် ခွဲခြားမှု၊ လူအချင်းချင်း နိမ့်ချခြင်း၊ မြင့်မြတ်သူအဖြစ် ခွဲခြားမှု စတာတွေကို ထိထိရောက်ရောက် ဆန့်ကျင်ဟောပြောခဲ့သူ ဘာသာရေးခေါင်းဆောင်ဆိုတာ တစ်ဦးပဲ ရှိပါတယ်။ အဲဒါကတော့ မြတ်ဗုဒ္ဓပါပဲ”

ပါမောက္ခဒေါက်တာအမ်ဘေဒကာဟာ ၁၉၅၆-ခုနှစ်၊ အောက်တိုဘာလ၊ ၁၄-ရက်နေ့မှာ သူ့ရဲ့တပည့် ၅-သိန်း (၅၀၀၀၀၀)နဲ့အတူ ဗုဒ္ဓဘာသာအဖြစ် ခံယူခဲ့ကြပါတယ်။ လူဦးရေ ထူထပ်များပြားတဲ့ ခေတ်သစ်အိန္ဒိယမှာ သူ့နဲ့တပည့်များစွာ ဗုဒ္ဓဘာသာအဖြစ် ပြောင်းသွားကြတဲ့သတင်းဟာ အကြီးအကျယ် ကျော်ကြားခဲ့ပါတယ်။ ဒါဟာ ခေတ်သစ်အိန္ဒိယမှာ ဗုဒ္ဓတရားတော်တွေကို ပထမဆုံး အသုံးပြုခြင်းပဲ ဖြစ်ပါတယ်။
“မြတ်ဗုဒ္ဓနှင့် သူ၏ ဓမ္မ (The Buddha and His Dhamma) ဆိုတဲ့ စာအုပ် အဆုံးသတ်ပြီး သုံးရက်အကြာ (၁၉၅၆-ခုနှစ်၊ ဒီဇင်ဘာလ၊ ၆-ရက်နေ့)မှာ ပါမောက္ခကြီး ဒေါက်တာအမ်ဘေဒကာ ကွယ်လွန်ခဲ့ပါတယ်။ နယူးဒေလီမြို့မှာရှိတဲ့ သူ့အိမ်မှာ အိပ်ပျော်နေရင်း ငြိမ်သက်အေးချမ်းစွာ ကွယ်လွန်သွားခဲ့ခြင်း ဖြစ်ပါတယ်။
အခုသူမရှိတော့ပေမယ့် အိန္ဒယနိုင်ငံ နာဂပူမြို့တွင် မကြာမကြာ ဗုဒ္ဓဘာသာခံယူပွဲကတော့ ယနေ့တိုင်ရှိနေဆဲပင်တည်း။
✔✔✔✔✔✔✔✔✔✔✔✔✔✔✔✔✔✔
ဘာသာခံယူပွဲ.
https://youtu.be/EgMKgEeNUMQ
.................
Credit to  Ashin Pannathiha


Comments

Popular posts from this blog

တချိန်းတုန်းက အင်ဒိုနီးရှား ဗုဒ္ဓသာသနာ

အိုင်အစ် စစ်သွေးကြွမုဒိမ်းပြုကျင့်